MNL Grand Royal 2010 ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ယနေ့ မတ်လ (13) ရက်နေ့ ညနေ (4:00) နာရီအချိန်တွင် မန္တလေးမြို့ ဗထူးကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ဇေယျာရွှေမြေ အသင်းမှ သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။
ပွဲစသည်နှင့် နှစ်သင်းစလုံး အကြိတ်အနယ်ရှိလှသော်လည်း ပွဲစပြီး မိနစ် (၂၀)
နောက်ပိုင်းတွင်ဇေယျာရွှေမြေအသင်းမှ ကိုရီးယား
ကစားသမားများ၏ တိုက်စစ်ကို ရတနာပုံအသင်းမှ ကစားသမားများ မနည်းဖျက်ထုတ်နေရသည်။ ဇေယျာရွှေမြေအတွက်
အဖွင့်ဂိုးအား နိုင်ငံခြားသား ကစားသမား အလက်ဇန္ဒားက ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် (၄၆) မိနစ်တွင်
ရတနာပုံ အသင်း နောက်တန်းလူ နှစ်ဦးအား လိမ်ခေါက်ပြီး အဝေးမှ အပြင်း ကန်သွင်းယူ
ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၅၈) မိနစ်တွင် ဇေယျာရွှေမြေမှ ကိုရီးယား ကစားသမား
ကင်ကျူယွန်းက ဘယ်တောင်ပံမှ ရာဇာဝင်းသိန်း ဖြတ်တင်ပေးမှုအား ရင်ဘတ်နှင့်
ထိန်းကာ နောက်တန်း တစ်ယောက်အား ကျော်ဖြတ်ကာ ထပ်မံ ဂိုးသွင်းယူ ခဲ့သဖြင့်
ဇေယျာတို့ နှစ်ဂိုးပြတ် အနိုင်ရ နေခဲ့သည်။ ထို့နောက် ပွဲချိန် (၈၁) မိနစ်တွင်
ရာဇာဝင်းသိန်း ချပေးသည့် ဘောလုံးအား ကျော်ဇင်ဝင်းက အသာအယာ
ပိတ်သွင်းခဲ့ပြီး ဇေယျာရွှေမြေတို့ ပွဲဦးထွက် အနိုင်ပန်းဆင်နိုင်ခဲ့ပါသည်။
ရတနာပုံ အသင်းသည် ဒုတိယ ပွဲစဉ် အဖြစ် ဥဿာယူနိုက်တက်
အသင်းနှင့် မတ်လ (၂၀) ရက်နေ့တွင် ဗထူးကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားရမည်
ဖြစ်ပြီး ဇေယျာရွှေမြေအသင်းမှာမူ မကွေးအသင်းနှင့် မတ်လ (၂၀) ရက်နေ့တွင်ပင်
သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။