MNL Rules & Regulations ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတကာဘောလုံးကျွမ်းကျင်သူများနှင့်တွေ့ဆုံ အကြံဥာဏ်များ ရယူခြင်း

တစ်ချိန်က ဒေသတွင်းနှင့် အာရှအဆင့်တွင်ပါ မြင့်မားသည့် အောင်မြင်မှုများ ရရှိခဲ့ပြီး ကမ္ဘာ့အိုလံပစ်အဆင့်ထိပါ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်အထိ အောင်မြင်မှု ဂုဏ်ရှိန်မြင့်မားခဲ့သော မြန်မာ့ဘောလုံးအဆင့်အတန်းမှာ ဒီဘက်ခေတ် တွင် အကြောင်းအမျိုးမျိုးကြောင့်တဖြည်းဖြည်း အဆင့်ပြန်ကျခဲ့ရာ ထိုသို့ ဖြစ်ရသည့်အကြောင်းအရင်းထဲတွင် မြန်မာ့ ဘောလုံးကို အပျော်တမ်းပုံစံစနစ်ဖြင့်သာ နှစ်ပေါင်းများစွာသွားနေခဲ့သည့် အချက်ကလည်း အဓိကအကြောင်းအရင်း တစ်ခုဖြစ်နေခဲ့သည်။ ထို့ကြောင့် အစဉ်တိုတက်ပြောင်းလဲနေသော ဘောလုံးသဘာဝအရ မြန်မာ့ဘောလုံးအား နိုင်ငံတကာ ထိပ်ပိုင်းအဆင့်တွင် ပြန်လည်ရပ်တည်နိုင်ရေးနှင့် မြင့်မားသည့် အောင်မြင်မှုများကို ပြန်လည်ရရှိနိုင်စေရေး အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့ဘောလုံးကို Amateur အဆင့်မှ Professional ပုံစံအဆင့်သို့ မဖြစ်မနေ ကူးပြောင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၀၈ ခုနှစ်အကုန်ပိုင်းမှစ၍ အစီအမံများရေးဆွဲ အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်း ၁၀၀ ကျော်ခန့် အပျော်တမ်းပုံစံဖြင့်သာ သွားနေခဲ့သော ပြည်တွင်း မြန်မာ့ဘောလုံးကို ပရိုစနစ်ပုံစံသို့ စနစ်တကျကူးပြောင်းနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ စနစ်တကျ ချမှတ်ရေးဆွဲနိုင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်အာဆီယံဘောလုံးအဖွဲ့ချုပ်၊ တို့အပါအ၀င် ဂျပန်၊ ကိုရီးယားနှင့် ပရော်ဖက်ရှင်နယ်စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဘောလုံးနိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ပရိုဆိုင်ရာ ကျွမ်းကျင်သူများကို အကြိမ်ကြိမ်ဆွေးနွေး အကြံဥာဏ်ကောင်းများ ရယူခဲ့သည်။ Myanmar National League ၏ Rules and Regulations ရေးဆွဲနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတကာ ဘောလုံးနိုင်ငံများသို့ အချိန်ယူသွားရောက် တွေ့ဆုံ၍ လည်းကောင်း၊ နိုင်ငံတကာဘောလုံးနိုင်ငံများမှ ပရိုဆိုင်ရာ ကျွမ်းကျင်သူများအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်၍လည်းကောင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် နိုင်ငံတကာ ပရော်ဖက်ရှင်နယ်ဘောလုံး စည်းမျဉ်း စည်းကမ်းများကို အခြေခံ၍ ပရိုဆိုင်ရာ စည်မျဉ်းများနှင့် ပတ်သက်၍ အတွေ့အကြုံ အလွန်ရင့်ကျက်နေသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဒါတိုပေါလ်နှင့် အဖွဲ့၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးဆောင်သည့် အမှုဆောင်အဖွဲ့ဝင်များက Myanmar National League Rules and Regulations အပြီးသတ် မူကြမ်းအား အသေးစိတ်ဆွေးနွေး၍ စနစ်တကျရေးဆွဲချမှတ်ခဲ့သည်။ ထို့နောက် နိုင်ငံတော် ၀န်ကြီးချုပ်ထံ ယင်းမူကြမ်းအား ထပ်မံတင်ပြကာ ခွင့်ပြုလမ်းညွှန်ချက်ရယူခဲ့သည်။

 

စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အကြောင်းကြားခြင်း။

၁။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် MNL Grand Royal 2011 ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၃) အဖြစ် (၂၂.၁.၂၀၁၁) ရက်နေ့၊ KBZ ကွင်းတွင်ကျင်းပပြုလုပ်သည့် KBZ FC နှင့် Yadanarbon FC တို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်၊ ကစားချိန် (၆၉) မိနစ်တွင် ဖြစ်စဉ်ဖြစ်ပွားခြင်းနှင့် (၂၉.၁.၂၀၁၁) ရက်နေ့ ပွဲစဉ် (၁၅) အဖြစ်အောင်ဆန်းအားကစားကွင်းတွင် Okkthar United FC အသင်းနှင့် Nay Pyi Taw FC အသင်းတို့ယှဉ်ပြိုင် ကစားသည့်ပွဲစဉ်၊ ကစားချိန် (၇၆) မိနစ်တွင် ဒိုင်လူကြီးမှပြစ်ဒဏ်ဘောပေးထားချိန်တွင် Nay Pyi Taw FC အသင်းမှ နံပါတ် (၄) သူရိန်စိုးသည် Okkthar United FC အသင်းမှနံပါတ် (၁၁) Junior ၏ မျက်နှာကို ခေါင်းဖြင့် ဆောင့်တိုက်သဖြင့် ဒိုင်လူကြီးမှ တိုက်ရိုက်အနီပြထုတ်ပယ်မှုအပေါ်အရေးယူပေးပါရန် MNL ပြိုင်ပွဲကျင်းပရေးမှ တင်ပြလာပါသည်။
၂။ အထက်ပါဖြစ်စဉ်များနှင့် ပါတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ (၂.၂.၂၀၁၁) ရက်နေ့ (၁၃း၀၀) နာရီ အချိန်တွင် အစည်းအဝေးပြုလုပ်၍ ပြိုင်ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးတို့၏ အစီရင်ခံစာများအား ဖတ်ကြားတင်ပြခြင်း၊ တာဝန်ရှိသူများကိုခေါ်ယူမေးမြန်းခြင်း၊ မှတ်တမ်းတင် ဗီဒီယိုအား အကြိမ်ကြိမ်ကြည့်ရှု့ပြီး အပြန်ပြန်အလှန်လှန်ဆွေးနွေး၍ အောက်ပါအတိုင်းအရေးယူရန် ဆုံးဖြတ်ပါသည်-
(က) Yadanarbon FC အသင်းမှ အုပ်ချုပ်သူ Mr.Yoan သည် နည်းစနစ်ဧရိယာမှ ထွက်လာသည်ကို Match Commissioner နှင့် Fouth Official တို့မှ ၎င်း၏ နည်းစနစ်ဧရိယာသို့ ပြန်ရန် သတိပေးပြောဆိုတားမြစ်သည်ကို မနာခံဘဲ Match Commissioner နှင့် Fouth Official တို့အားကျော်လွန်၍ KBZ FC အသင်းနည်းစနစ်ဧရိယာသို့ ဝင်ရောက်ပြီး KBZ FC အသင်းအုပ်ချုပ်/နည်းပြများကို လက်ဆွဲနှုတ်ဆက်သည့် အပြုအမူသည် တာဝန်ရှိသူများကို ဂရုစိုက်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၂) နှင့် ငြိစွန်းသဖြင့် ကွင်းအတွင်းဝင်ရောက်ကြီးကြပ်ခွင့် (၁) ပွဲခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ်သုံးသိန်း (၃ဝဝဝဝဝ/-) ပေးဆောင်ရန်။
(ခ) KBZ FC အသင်းနည်းပြဆရာဦးဆန်းဝင်းသည် နည်းစနစ်ဧရိယာမှ ကွင်းအတွင်းဝင်ရောက်ပြီး နှစ်ဖက်အသင်း ကစားသမားများ ရုံးရင်းဆန်ခတ်ဖြစ်နေခြင်းကို ဖြန်ဖြေပေးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ၎င်းအားအရေးယူရန်မရှိကြောင်း ဆုံးဖြတ်ရန်။
(ဂ) KBZ FC အသင်းမှ နံပါတ် (၅) ဥာဏလွင် နှင့် Yadanarbon FC အသင်းမှ နံပါတ် (၄) Kone တို့ နှစ်ဦးအား စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၁၃) အရ နောက်နောင်ဤကဲ့သို့မပြုလုပ်ရန် ပြင်းထန်စွာသတိပေးရန်။
(ဃ) ကွင်းလယ်ဒိုင်လူကြီးဦးတင်ထွဋ်သည် ယခုဖြစ်စဉ်တွင် ဆုံးဖြတ်ချက်အားနည်းကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၁၃) အရ နောင်ပွဲစဉ်များတွင် အလေးထားဆောင်ရွက်ရန် သတိပေးသည်။
(င) Nay Pyi Taw FC အသင်းမှ နံပါတ် (၄) သူရိန်စိုးသည် ကစားပွဲရပ်နားထားစဉ် Okkthar United FC အသင်းမှ နံပါတ် (၁၁) Junior အား ဦးခေါင်းဖြင့် မျက်နှာကို ဆောင့်တိုက်သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၂)အရ (၂) ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်း (၂ဝဝဝဝဝ/-) ပေးဆောင်ရန်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အား သိရှိလိုက်နာနိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
 

  League Table
 
 

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: